ကိုယ်ဝန်ဆောင်၊ မီးဖွားရမှာကို ကြောက်လန့်နေတာ စိတ်ရောဂါလား
ကိုယ်ဝန်ဆောင်တာ၊ မီးဖွားတာတွေဟာ အမျိုးသမီးတစ်ယောက်ရဲ့ ဘဝအတွက်တော့ ကြီးမားတဲ့ပြောင်းလဲမှုမျိုး ဖြစ်စေတဲ့ ဖြစ်ရပ်တွေပါပဲ။ ဒီကြောက်ရွံ့စိတ်ကို လူအချို့က ထူးဆန်းတယ်လို့ ထင်ကောင်းထင်နိုင်ပေမယ့် ဒီဘက်ခေတ်လို အဆင့်မြင့်ဆေးပညာရပ်တွေ၊ စက်ပစ္စည်းတွေ မတီထွင်ခင်က အမျိုးသမီးအများစုဟာ ကိုယ်ဝန်ဆောင်စဉ်၊ မီးဖွားစဉ်မှာ အသက်သေဆုံးလေ့ရှိတတ်ကြသလို ကိုယ်ဝန်ပျက်ကျတာမျိုး၊ ကလေးအသေမွေးဖွားတာမျိုး၊ မီးဖွားစဉ် မတော်တဆမှုဖြစ်တာမျိုးတွေ မကြာခဏဖြစ်ခဲ့ကြပါတယ်။
Tokophobia ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ?
Tokophobia ဟာ တစ်ခါမှကလေးမမွေးဖူးတဲ့ အမျိုးသမီးတွေမှာလည်း ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ကလေးမွေးဖူးတဲ့ အမျိုးသမီးအများစုမှာတော့ ပိုတွေ့ရနိုင်ပါတယ်။ Tokophobia ဟာ သတ်မှတ်ဖိုးဘီးယားပြဿနာတွေထဲက တစ်ခုဖြစ်ပြီး သူ့ရဲ့လက္ခဏာတွေထဲမှာ
- အိပ်စက်မှုပိုင်းမှာ အနှောင့်အယှက်ဖြစ်ခြင်း
- အကြောက်လွန်စိတ်ကြောင့် ခြေမကိုင်မိ လက်မကိုင်မိဖြစ်ခြင်း
- အိပ်မက်ဆိုးများ မက်ခြင်း
- စိုးရိမ်ပူပန်လွန်ကဲမှု၊ စိတ်ဓာတ်ကျမှုများ ဖြစ်တတ်ခြင်း
- ကလေးပျက်ကျခြင်း၊ ကိုယ်ဝန်ဆောင်မိခင် သေဆုံးခြင်းလိုမျိုး ပြဿနာတွေကို အလွန်အမင်းကြောက်ရွံ့ခြင်း
- ကိုယ်ဝန်ဆောင်၊ ကလေးမွေးဖို့ အတွေးတွေးရမှာကို ထိတ်လန့်ကြောက်ရွံ့ခြင်း
- ဗိုက်ခွဲမွေးရမှာကို ကြောက်ရွံ့ခြင်း စတာတွေ ပါဝင်ပါတယ်။
ဒီလိုမျိုး ကိုယ်ဝန်ဆောင်ရမှာကြောက်တဲ့အတွက် Tokophobia ရှိတဲ့အမျိုးသမီးတွေဟာ လိင်ပိုင်းဆိုင်ရာအပြုအမူတွေကိုလည်း ရှောင်ကြသလို မတော်တဆ ကလေးရသွားနိုင်တဲ့ အခြေအနေတွေကို အမြဲတမ်း စိုးရိမ်ကြီးကြီးနဲ့ ရှောင်လွှဲသတိထားတတ်ကြပါတယ်။
Tokophobia ဖြစ်ရတဲ့ အကြောင်းရင်းတွေက ဘာတွေလဲ?
စစ်တမ်းကောက်ယူချက်တွေအရ ကြည့်မယ်ဆိုရင်
- Primary Tokophobia - ကလေးမမွေးဖူးတဲ့ အမျိုးသမီးတွေမှာ တွေ့ရတတ်ပြီး လိင်ပိုင်းဆိုင်ရာ စော်ကားခံခဲ့ရတဲ့ အမျိုးသမီးတွေမှာလည်း ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်၊ မီးဖွားဖို့အတွက် ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်နေစဉ်မှာ နဂိုဖြစ်ဖူးတဲ့ မတော်တဆဖြစ်ရပ်၊ စိတ်ဒဏ်ရာတွေကိုလည်း ပြန်မြင်ယောင်ရင်း ကြောက်ရွံ့စိတ်ဖြစ်လာနိုင်ပါတယ်။
- Secondary Tokophobia - ကိုယ်ဝန်ဆောင်၊ မီးဖွားဖူးတဲ့ အမျိုးသမီးတွေမှာသာ ဖြစ်တတ်ပြီး အရင်က ကိုယ်ဝန်ပျက်ကျဖူးတာ၊ နေ့စေ့လစေ့မဟုတ်ဘဲ ကိုယ်ဝန်စောမွေးတာ၊ ကိုယ်ဝန်ဖျက်ချခဲ့တာ၊ သန္ဓေအောင်စေဖို့ ကုသမှုတွေမှာ မအောင်မြင်ခဲ့တာတွေကြောင့် ဒီဖိုးဘီးယားပြဿနာ ဖြစ်လာနိုင်ပါတယ်။
အပေါ်မှာပြောခဲ့သလိုပဲ၊ ကိုယ်ဝန်ဆောင်ခြင်း၊ မီးဖွားခြင်းဟာ အမျိုးသမီးတစ်ယောက်အတွက်တော့ ဘဝကိုတစ်ဆစ်တစ်ချိုး ပြောင်းလဲသွားစေနိုင်တဲ့ ဖြစ်ရပ်တွေဖြစ်တာကြောင့် သူ့နောက်က ကပ်ပါလာနိုင်တဲ့ အခက်အခဲ၊ ပြဿနာတွေ၊ အသက်အန္တရာယ်တွေနဲ့ တာဝန်ယူမှုတွေကို စိုးထိတ်ရင်း ကြောက်စိတ်တွေ ဖြစ်လာနိုင်တာ သဘာဝပါပဲ။ ဒါပေမယ့် ဖိုးဘီးယားလိုမျိုး အကြောက်လွန်စိတ်ဖြစ်ရတဲ့အထိဆိုရင်တော့ ဒါကို သေချာပြသကြည့်သင့်ပါတယ်။
အကယ်လို့ ကိုယ့်မှာ ကလေးမွေးဖွားခြင်း၊ ကိုယ်ဝန်ဆောင်ခြင်းနဲ့ပတ်သက်ပြီး လိုတာထက် ပိုများတဲ့ ကြောက်ရွံ့စိတ်တွေ ဖြစ်နေတယ်ဆိုရင် နားလည်တတ်ကျွမ်းတဲ့ စိတ်ပညာရှင်တွေနဲ့ တိုင်ပင်ပြသကြည့်သင့်ပါတယ်။ ဒီပြဿနာကို ထိန်းချုပ်ဖို့
- စိတ်ပိုင်းဆိုင်ရာ ကုထုံးတွေဖြစ်တဲ့ CBT ကုထုံးတွေ ခံယူတာ
- မိသားစုတွေရဲ့ အနီးကပ် နွေးထွေးမှု၊ ပံ့ပိုးမှု၊ အားပေးမှုတွေ ယူတာ
- ကြောက်ရွံ့မှုရဲ့ အဓိကရင်းမြစ်ကို ထိန်းချုပ်တာ
- သောက်ဆေးတွေနဲ့ စိုးရိမ်ပူပန်ကြောက်စိတ်ကို သက်သာအောင်လုပ်ပေးတာမျိုး ပြုလုပ်နိုင်ပါတယ်။
Tokophobia ပြဿနာဟာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေရဲ့ စိတ်ကျန်းမာရေးကို ပိုဆိုးရွားစေရုံသာမက ကလေးမွေးဖို့အတွက်လည်း အခက်အခဲ၊ နာကျင်မှု၊ ကြောက်ရွံ့စိတ် ပိုများစေနိုင်တာကြောင့် စောစီးစွာ ထိန်းချုပ်ကုသမှုခံယူမယ်ဆိုရင် အကောင်းဆုံးဖြစ်မှာပါ။
ရဲမျိုးမြတ်